မိုင်မြန်မာ ယူနီကုတ်စနစ်ကို အသုံးပြု၍ ကွန်ပျူတာWindows စနစ်တစ်ခုလုံးကို မြန်မာဘာသာဖြင့် စတင်အသုံးပြုနိုင်မည့်အစီအစဉ်

မိုင်မြန်မာ ယူနီကုတ်စနစ်ကို အသုံးပြု၍ ကွန်ပျူတာWindows စနစ်တစ်ခုလုံးကို မြန်မာဘာသာဖြင့် စတင်အသုံးပြုနိုင်မည့်အစီအစဉ်ကို မကြာမီ စတင်တော့မည်ဖြစ်ကြောင်းနှင့်အဆိုပါစနစ်သည် မိုက်ခရိုဆော့ဖ်၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ Localization ဖြစ်အောင်လုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။


Windows စနစ်တစ်ခုလုံး မြန်မာစာဖြင့်အသုံးပြုနိုင်ရန် စီစဉ်ထားသည့် ယင်းစနစ်ကို ရန်ကုန်ကွန်ပျူတာတက္ကသိုလ် တတိယနှစ် ကျောင်းသား ကိုထိန်လင်းထူးက တီထွင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ကွန်ပျူတာကို မြန်မာလိုသုံးလို့ရအောင်လုပ်ထားတာပါ။ ရည်ရွယ်ချက်က မြန်မာစာတတ်သူတိုင်း ကွန်ပျူတာကို မြန်မာလိုအသုံးပြုနိုင်စေဖို့ပဲဖြစ်ပါတယ်” ဟု ကိုထိန်လင်းထူးက ဆိုပါသည်။

My Windows စနစ်သည် ရှိထားပြီးဖြစ်သည့် Microsoft Windows ကို မြန်မာဘာသာဖြင့် အသုံးပြုနိုင်ရန် မိုက်ကရိုဆော့ဖ် လုပ်ထုံးလုပ်နည်းများနှင့် အညီ Localization လုပ်ထားခြင်းဖြစ်ပြီး ကွန်ပျူတာပေါ်တွင် ပေါ်နေသမျှ အင်္ဂလိပ်စာလုံးကို မြန်မာဘာသာဖြင့် ကြည့်နိုင်၊ မြင်နိုင်၊ ဖတ်နိုင်၊ အလုပ်လုပ်နိုင်မည်ဖြစ်ကာ ဖိုင်များကိုလည်း မြန်မာဘာသာဖြင့်သိမ်းနိုင်၊ ရှာနိုင်မည်ဟု ဆိုသည်။

ထို့ပြင် My Windows စနစ်သည် အီးမေးလ်ပေးပို့ရာတွင်လည်း မြန်မာလိုပို့နိုင်ဖတ်နိုင်မည်ဖြစ်ပြီး မိမိသုံးသည့် Font နှင့်အခြားသူသုံးသော Font မတူပါကလည်း My Myanmar Unicode System အသုံးပြုထားခြင်းကြောင့် ပြဿနာမရှိနိုင်ကြောင်း သိရသည်။

My Windows စနစ်သည်လည်း မြန်မာစာကို Windows ၏ အစိတ်အပိုင်းအားလုံး၌ အသုံးပြုနိုင်မည်ဖြစ်သည်ဟု ဆိုသော်လည်း Windows တစ်ခုလုံး၌ Localize မလုပ်နိုင်သေးသည့်အတွက် လာမည့်အောက်တိုဘာလတွင် ၁၀ ရာခိုင်နှုန်းခန့်သာ စတင်အသုံးပြုနိုင်မည်ဖြစ်ပြီး ၂၀၀၈ ခုနှစ်မတ်လ၌ ၆၀ ရာခိုင်နှုန်း၊ ၂၀၀၈ ခုနှစ်ဇွန်လရောက်သည့် အချိန်တွင်ရာခိုင်နှုန်းပြည့် အသုံးပြုနိုင်မည်ဖြစ်သည် ဟု ဆိုပါသည်။

My Windows စနစ်ကို ၂၀၀၈ ခုနှစ်ဇွန်လနောက်ဆုံးထား၍ Windows XP နှင့် Vista အတွက်ကိုပါ မြန်မာဘာသာဖြင့် အသုံးပြုနိုင်ရန် စီစဉ်ထားခြင်းဖြစ်သည့်အတွက် Windows XP ထွက်ပြီး ခုနစ်နှစ်အကြာ၊ Vista ထွက်ပြီး တစ်နှစ်ခွဲအကြာ ပြည်တွင်းကွန်ပျူတာသုံးစွဲသူများအကြား မြန်မာဘာသာဖြင့် အသုံးပြုနိုင်မည့် Windows စနစ်ပေါ်ပေါက်လာနိုင်ဖွယ်ရှိခြင်း ဖြစ်ပြီးအိမ်နီိးချင်းနိုင်ငံများဖြစ်သည့် ထိုင်း၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့၌မူ ၎င်းတို့၏မိခင်ဘာသာစကားဖြင့် အသုံးပြုနိုင်သည့် Windows စနစ်များကို အသုံးပြုနကြပြီဖြစ်ကြောင်း သိရသည်။

(Weekly Eleven)

0 ဒီလိုမြင်တယ်: