ကင်မ်ဂျုံအီလ်ကျန်းမာရေး အခြေအနေမကောင်း

မြောက်ကိုရီးယား ကွန်မြူနစ်ခေါင်းဆောင် ကင်မ်ဂျုံအီလ်၏ ကျန်းမာရေးအခြေအနေနှင့် ပတ်သက်၍ တောင်ကိုရီးယားသတင်းစာများက အမျိုးမျိုး မှန်းဆရေးသား ဖေါ်ပြနေသည်ဟု သိရသည်။ ယခုသီတင်းပတ် စောစောပိုင်းက ကင်မ်ဂျုံအီလ်ကို ပြုံယမ်မြို့တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံနေပုံကို ဓါတ်ပုံရိုက် ဖေါ်ပြခဲ့သည်။ တောင်ကိုရီးယား သတင်းစာ Chosun llbo က အသက် ၆၆ နှစ်အရွယ်ရှိပြီဖြစ်သော မြောက်ကိုရီးယားခေါင်းဆောင်သည် ဆံပင်များကျွတ်ပြီး အသားအရေ ခြောက်ခန်းက ပို၍ပိန်လာသည့် ပုံပေါက်နေကြောင်း ရေးသားဖေါ်ပြခဲ့သည်။ ခေါင်အာအီလ်ဘိုသတင်းစာကလည်း ပိန်ချုံးချည့်နဲ့နေသော ကင်မ်ဂျုံအီလ် ဟူသော ခေါင်းစဉ်ဖြင့် ရေးသားဖေါ်ပြခဲ့သည်။ ၎င်းသတင်းစာနှစ်စောင်စလုံးက ကင်ကျန်းမာရေးမကောင်းကြောင်း ရေးသားခဲ့ရာ၌ ကင်မ်ဂျုံအီလ်သည် ဆီးချိုရောဂါရှိသည်ဟု သိရပြီး နှလုံးခွဲစိတ်မှုလည်း ခံရပြီးကြောင်း၊ ၎င်းရုတ်တရတ် သေဆုံးပါက ၎င်းကို ဆက်ခံမည်သူ ရွေးချယ်ရေး ပြဿနာ ရှိလာနိုင်ကြောင်း ဖေါ်ပြခဲ့သည်။ အချို့က ၎င်း၏ ဒုတိယသား ဆက်ခံနိုင်ကြောင်း အချို့ကလည်း စစ်ဖက်အရာရှိများ ဆက်ခံမည်ဟု ထင်ကြေးပေးနေကြသည်။

0 ဒီလိုမြင်တယ်: